Friday, June 15, 2007

ပြောပြချင်တဲ့အကြောင်း(၁)

ညီမက တောင်ကြီးသူစစ်စစ်.... တောင်ကြီးကို တစ်နှစ်တစ်ခေါက်မှန်မှန်ပြန်မရောက်ပေမဲ့... ကိုယ့်ကိုကိုယ် တောင်ကြီးသူလို့ပဲ ခံယူထားပါတယ်... မွေးကတည်းကစ...၁၈နှစ်..၁၉နှစ်ထိ... နေလာခဲ့ရတဲ့ ဇာတိမြေတောင်ကြီး...တောင်ကြီးမြို့ကို ညီမချစ်ပါတယ်....
မိသားစုအားလုံး ချစ်သူခင်သူအားလုံးလိုလိုရှိနေတဲ့တောင်ကြီး... စိတ်က အားနေရင်.. တောင်ကြီးကိုသတိရနေမိတာကလည်း ညီမအကျင့်...
တောင်ကြီးမြို့ကို လူသိများစေတဲ့ တန်ဆောင်တိုင်ပွဲတော်ဆိုတာကိုလည်း ညီမ အရမ်းလည်းခင်တွယ်ပါတယ်...
ဒါပေမယ့် သူ့ထက် ညီမစိတ်ထဲ အထင်ကရဖြစ်စေတဲ့ တောင်ကြီးမြို့ရဲ့ချစ်စရာအကျင့်တစ်ခုက... အခါကြီးရက်ကြီးမှာ.. တစ်မြို့လုံးမှာရှိတဲ့ဘုန်းကြီးကျောင်းတွေကို အလှူစာတွေ သွားလှူလေ့ရှိတဲ့ အလေ့လေးတစ်ခုပါ...
ညီမအဖို့တော့ နှစ်ကူးချိန်သင်္ကြန်ခါနဲ့ သီတင်းကျွတ်အခါဆိုရင် ကိုယ်တိုင်က တောင်ကြီးမြို့မှာရှိမနေရင်တောင်မှ ဒီချစ်စရာအလေ့လေးကို မမေ့မပျောက်ကျင့်သုံးနေမိတာပါ...
တခြားမိသားစုတွေတော့မသိ...ညီမတို့မိသားစုကတော့... နှစ်စဉ်နှစ်တိုင်း အခါဆိုရင် အနဲဆုံး ဘုန်းကြီးကျောင်းဆယ်ကျောင်းလောက်တော့ အလှူသွားလှူဖြစ်ပါတယ်...
အခါမရောက်မီ တစ်ပတ်လောက်ကတည်းက အလှူစာတွေကို အဆင်သင့်ပြင်ဆင်ရတတ်တယ်...
သက်ကြီးရွယ်အို..ဘိုးဘွားဆွေမျိုးတွေကို ကန်တော့ဖို့ရယ်... ဘုန်းကြီးကျောင်းကို လှူမယ့် အလှူစာတွေရယ် သူတို့ကို ပြင်ဆင်ထုပ်ပိုးရတဲ့အချိန်ဟာ ညီမအတွက် အပျော်ဆုံးအချိန်တွေပေါ့...
ငယ်ငယ်ကဆိုရင် မဲ့မဲ့က (ညီမက အမေကို မဲ့မဲ့လို့ခေါ်တာပါ) အ၀တ်အစားအသစ်ဆိုရင် တစ်နှစ်မှာ နှစ်စုံပဲ ၀ယ်ပေးတာ... တန်ခူးတစ်ခါ သီတင်းကျွတ်တစ်ခါ ဘုန်းကြီးကျောင်းတက်ဖို့ အတွက်လေ...
ဒါကြောင့် အ၀တ်အစားအသစ်ဝတ်ပြီး အလေးလုပ်ချင်တဲ့ (အလေးလုပ်တယ်ဆိုတာ လှချင်တာကိုပြောတာပါ) ညီမတစ်ယောက် အခါတွင်း ဘုန်းကြီးကျောင်းတက်ရင် ကိုယ်ဘာဝတ်ရမလဲဆိုတာကို တစ်လနှစ်လလောက်ကြိုပြီး စဉ်းစားတတ်တာလည်း ညီမအကျင့်...
ပြီးတော့ ရှိသေးတယ်... ကျောင်းတက်လာတဲ့ ဧည့်သည်တွေကို ဘုန်းကြီးကျောင်းက စတုဒိတာကျွေးတာတွေကိုလည်း ညီမအရမ်းကြိုက်တာ...
ဖရဲကျောင်းသွားရင် ထမင်း..ဟင်းက ပဲဟင်းနဲ့ငရုတ်သီးလုံးကြော် (ညီမစားဖူးတာကိုပြောတာနော်)... အောင်မင်္ဂလာကျောင်းသွားရင် ကြက်တက်ရွက်သုတ်နဲ့အကြော်စုံ.. ပြီးတော့ သင်္ကြန်ဆိုရင် ကိုရင်လေးကျောင်းအတက်လမ်းက စတော်ဘယ်ရီဖျော်ရည်.. အဲဒါတွေက ညီမရဲ့အကြိုက်ဆုံးတွေပေါ့...
ကိုယ်ပိုင်ကားရှိတဲ့မိသားစုတွေက ကိုယ်ပိုင်ကားလေးတွေနဲ့.. မရှိတဲ့လူတွေကျတော့လည်း နီးစပ်ရာကားတွေနဲ့ ကျောင်းတက်ယာဉ်ဆိုတဲ့ အမှတ်အသားလေးတပ်ဆင်ပြီး ပျော်ပျော်ပါးပါးစုဝေး ကျောင်းတက်ကြရတာ ပျော်စရာအကောင်းဆုံးပေါ့..
ဘုန်းကြီးကျောင်းတွေမှာ သူသူကိုယ်ကိုယ်လာလှူကြရင်း တွေ့ကြဆုံကြ စကြနောက်ကြတာလဲ ပျော်စရာတစ်ခုပေါ့... ညီမတော့ မသွားဖူးဘူး... တစ်ချို့ဆိုရင် သူငယ်ချင်းတွေစုပြီး သွားကြတာ.. အပျော်အပါးလုပ်ဖို့ထက် စုစည်းအလှူလုပ်ကြဖို့ တိုင်ပင်ကြ.. စီစဉ်ကြ..အရမ်းကိုချစ်စရာကောင်းတဲ့ အလေ့လေးတစ်ခုပေါ့..
ချစ်စရာအကောင်းဆုံးက သင်္ကြန်ခါ ရေပက်ကြတဲ့အခါမှာပေါ့.. ရေကစားကြတဲ့သူတွေက.. ကျောင်းတက်ယာဉ် လို့ဆိုတာနဲ့ ရေခွက်ကလေးပိုက်လို့ အသာလေးကြည့်နေကြရတဲ့မျက်နာလေးတွေကို သဘောအကျဆုံးပေါ့..
ကိုယ်တိုင်ကအလှူပါဝင်မလုပ်ကြပဲ ပျော်ပါးနေကြပေမဲ့.. အလှူသွားလုပ်မယ့်လူတွေ ကားတွေကို မနှောင့်ယှက်ပါဘူးဆိုတဲ့ အသိစိတ်ကလေးတစ်ခုကိုက သူတို့ရဲ့စိတ်အစဉ်မှာ ကုသိုလ်စိတ်ကလေးတွေ ရနေကြပြီလို့ ညီမခံစားရပါတယ်...
ရေးရမယ်ဆိုရင်.. ရေးမကုန်နိုင်...ပြောမကုန်နိုင်ပါပဲ.. အားလုံးကို ညီမပြောချင်တာက.. ဖြစ်နိုင်မယ်ဆိုရင်.. သင်္ကြန်ခါ သိ့မဟုတ် သီတင်းကျွတ်ခါဆိုရင် တောင်ကြီးမြို့ရဲ့ချစ်စရာအလေ့လေးကို သွားပြီးလေ့လာကြည့်ကြစေချင်ပါတယ်လို့...